Wednesday, December 10, 2014

အိုဟောင်းဆွေးမြေ့နေတဲ့ ပြိုလဲမတတ်ဖြစ်နေတဲ့

အိမ်အိုကြီးကိုဆေးသုတ်အလှဆင်ယုံနဲ့ပြီးဆုံးကြတော့မှာလား


9-9-2001
စင်္ကာပူ  သက်ကြီးဝါရင့်ဝန်ကြီး  လီကွမ်ယူသည်
စင်္ကာပူနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂကွန်ယက်(အင်တီယူစီ)ထူထောင်
သည့်အနှစ်(၄၀)မြောက်  အထိမ်းအမှတ်  ညစာစားပွဲတွင်
အောက်ဖေါ်ပြပါ  မိန့်ခွန်းကို  ပြောဆိုခဲ့ပါသည်။

"ပညာရေးသည်  စင်္ကာပူနိုင်ငံ၏  အောင်မြင်မှုအတွက်
အဓိကသော့ချက်ဖြစ်ပြီး  စင်္ကာပူနိုင်ငံရှေ့သို့ချီတက်ရေးအတွက်  နည်းလမ်းမှာ
ပညာရေးကျွမ်းကျင်မှု  အသိပညာနှင့်နည်းပညာ
အဆင့်တိုးမြင့်ပေးရန်သာဖြစ်သည်။"

2001 ခုနှစ်က  မည်သည့်မဂ္ဂဇင်းထဲမှ ကူးယူထားမှန်း
မမှတ်မိတော့ပါ။စင်္ကာပူနိုင်ငံသည်  ဗြိတိသျှလက်အောက်မှ  ၁၉၅၉နှစ်တွင်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့သော  နိုင်ငံငယ်လေးဖြစ်ပါသည်။
လီကွမ်ယူသည်  ဝန်ကြီးချုပ်အဖြစ်  တာဝန်ယူ၍
နိုင်ငံကိုဦးဆောင်  လမ်းပြခဲ့သည်။ ထိုအချိန်တွင်
မြန်မာနိုင်ငံသည်လွတ်လပ်ရေးရပြီး  အချိန်ကာလအားဖြင့်(၁၀)နှစ်ကျော်  ကြာခဲ့ပြီဖြစ်သည်။

လီကွမ်ယူသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်ဖြင့်
လာရောက်လည်ပတ်ခဲ့ပါသည်။ ထိုအခါ မြန်မာနိုင်ငံ၏
မြို့တော် ရန်ကုန်မြို့၏ သာယာလှပပုံကို တွေ့မြင်သွား
ခဲ့သည်။ ထို့ကြောင့် စင်္ကာပူကို ရန်ကုန်မြို့ကဲ့သို့
လုပအောင် လုပ်ဆောင်မည်ဟု ကြုံးဝါးသွားခဲ့သည်။
ကြုံးဝါးသွားသကဲ့သို့ စင်္ကာပူကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်
အောင် ဦးဆောင်ကြိုးပမ်းပြီး စင်္ကာပူကို ခေတ်မီဖွံ့ဖြိုး
တိုးတက်သော ကျွန်းနိုင်ငံအဖြစ်ရောက်ရှိအောင်
အံ့မခန်း ကြိုးစားဦးဆောင်နိုင်ခဲ့သည်။

နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်
ကြိုးပမ်းရေးတွင် ပညာရေးကဏ္ဌသည် လွန်စွာအရေးပါ
အရာရောက်ပုံကို သိရှိနားလည်ခဲ့သောကြောင့်
"ပညာရေးသည် စင်္ကာပူနိုင်ငံ၏ အောင်မြင်မှုအတွက်
အဓိကသော့ချက်ဖြစ်ပြီး စင်္ကာပူနိုင်ငံရှေ့သို့ချီတက်ရေးအတွက် နည်းလမ်းမှာ
ပညာရေးကျွမ်းကျင်မှု  အသိပညာ နှင့် နည်းပညာအဆင့်
တိုးမြင့်ပေးရန်ဖြစ်သည်"ဟု စင်္ကာပူ နိုင်ငံလုံးဆိုင်ရာ
အလူပ်သမား သမဂ္ဂကွန်ယက် ထူထောင်သည့်
အနှစ်(၄၀)မြောက် အထိမ်းအမှတ်ညစာစားပွဲတွင်
မိန့်ခွန်းပြောကြားခဲ့ပါသည်။

ပညာရေးကို  အခြေခံအုတ်မြစ်ချ၍ နိုင်ငံဖွံဖြိုးတိုးတက်ရေး
အတွက် ပညာတတ်  ပညာရှင်များစွာကို  မွေးထုတ်ခဲ့ပေ
သည်။လီကွမ်ယူသည်  အမေရိကန်နိုင်ငံ  တက္ကုသိုလ်တစ်ခုမှဘွဲ့ရယူထားသူတစ်ယောက်
ဖြစ်ပါသည်။ပညာတတ်တစ်ယောက်  ဖြစ်ပါသည်။ပညာတတ်တစ်ယောက်ဖြစ်၍  ပညာ၏တန်ဘိုးကိုနားလည်  သဘောပေါက်သည်ဟု
ထင်မြင်မိပါသည်။ထို့ကြောင့် ပညာရေးကို  အခြေခံအုတ်မြစ်ချခြင်းပြီးမှကျန်နယ်ပယ်ပေါင်းစုံကို
အရှိန်အဟုန်ဖြင့်  တိုးတက်အောင်  စင်္ကာပူနိုင်ငံကို
ဦးဆောင်ဦးရွက်  ပြုနိုင်ခဲ့ပါသည်။

မဆ လခေတ်တွင် ပညာတတ် ပညာရှင်များ  ပေါ်ထွက်ခဲ့ပါသည်။ထိုပညာရှင်များကို  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ  ဟုသော  ပုံစံခွက်ထဲသို့
ထည့်ခဲ့ပါသည်။ သို့သော်  ပညာရှင်စစ်သော
ပညာရှင်ပီသသော  ပညာရှင်စစ်စစ်တို့သည်
အမှားကို  အမှားမှန်း   အမှန်ကို  အမှန်အမှန်း
သိ မြင်  သုံသပ်  ဆင်ခြင်နိုင်စွမ်းရှိသောသူများ
ဖြစ်ပေသည်။ ထို့ကြောင့် ထိုခေတ်ကာလမှ
ပညာရှင်များသည်  တိုင်းတစ်ပါးသို့  အခြေချရန်
ထွက်ခွာသွားကြပါသည်။ဦးနှောက်ယိုစီးမှုများ
ဖြစ်ပေါ်ခဲ့ရပါသည်။ပညာကို  ဦးစားမပေးပဲ
နိုင်ငံဦးဆောင်သူများသည် မိမိအရေးကိုသာဦးစားပေးခဲ့ကြပါသည်။
မြန်မာနိုင်ငံ၏စီးပွားရေးသည်လည်း
နစ်သထက်နစ်လာခဲ့ရပါသည်။

မြန်မာနိုင်ငံကို  ဦးဆောင်ခဲ့ကြသောသူများသည်
ပညာရှင်များကို  ဦးစားမပေးခြင်း  မိမိအရးကိုသာ
ဦးစားပေးခဲ့ခြင်းတို့ကြောင့်  နိုင်ငံသည်  ဆင်းရဲတွင်း
နစ်သထက်နစ်မြုတ်လာခဲ့ရပေသည်။နိုင်ငံတစ်နိုင်ငံ
ဖွံဖြိုးတိုးတက်ဖို့ဆိုလျင်  ပညာရေးသည်သာ
အဓိကကျသည်ဟုယူဆပါသည်။ပညာရှင်များသည်သာ
မိမိကျွမ်းကျင်ရာနယ်ပယ်ကို  ဖွံဖြိုးတိုးတက်အောင်
ဦးဆောင်ဦးရွက်  ပြုနိုင်မည်ဟု အပြည့်အဝ
ယုံကြည်ထားပါသည်။
စီးးပွားရေးပညာရှင်သည်နိုင်ငံ၏
စီးပွားရေးတိုးတက်စေရန်လုပ်ဆောင်မည့်  အခန်းကဏ္ဌတွင်  ဦးဆောင်သင့်ပါသည်။
ဥပဒေပညာရှင်များသည်  နိုင်ငံ၏တရားစီရင်ရေးအခန်းကဏ္ဌတွင်
ဦးဆောင်သင့်ပါသည်။
စက်မှုပညာရှင်များသည်
နိုင်ငံ၏စက်မှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဌတွင်
ဦးဆောင်သင့်ပါသည်။
သစ်တောပညာရှင်များသည်
နိုင်ငံ၏သစ်တောစီးပွားဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဌတွင်
ဦးဆောင်သင့်ပါသည်။
စိုက်ပျိုးရေးပညာရှင်များသည်
နိုင်ငံ၏စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဌတွင်
ဦးဆောင်သင့်ပါသည်။
ပညာရှင်မှန်သမျှသည်
မိမိနှင့်သက်ဆိုင်ရာအခန်းကဏ္ဌဖွံ့ဖြိုးတိုးတက်ရေးတွင်
ဦးဆောင်သင့်သည်မှာမလွဲနိုင်သော  အမှန်တရားပင်ဖြစ်ပေသည်။
သို့မှသာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည်
ဧကန်မုချ  လျင်မြန်စွာ  ဖွံ့ဖြိုးတိုးတက်ပေမည်။
ထို့ကြောင့်  နိုင်ငံတစ်နိုင်ငံ  ဖွံ့ဖြိုးတိုးတက်မှုတွင်
ပညာရေးသည်အလွန်အခြေခံကျသော
အခန်းကဏ္ဌမှာ  နေရာယူထားပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်
ပညာရေးကိုအခြေခံအုတ်မြစ်အဖြစ်  မဖြစ်မနေ
စီမံကိန်းချမှတ်လုပ်ဆောင်ရပေမည်။ ပညာတတ်များ
ပေါများလာပါမှ ဆိုင်ဆိုင်ရာ အခန်းကဏ္ဌများ
ဖွံ့ဖြိုးတိုးတက်လာပေမည်။ ယ္ခုခေတ်မြန်မာနိုင်ငံတွင်
နှစ်စဉ် တက္ကသိုလ်များမှ ဘွဲ့ရပညာတတ်များ
အများအပြား  မွေးထုတ်ပေးနေတာပဲ။
ဘာလို့ နိုင်ငံက  မတိုးတက်တာလဲဟု
ပြန်လည်၍မေးခွန်ထုတ်စရာရှိပါသည်။
ထိုမေးခွန်းကို ရိုးသားစွာ  ဖြေဆိုပါမည်။
မြန်မာနိုင်ငံရှိ  တက္ကသိုလ်များမှ  မွေးထုတ်လိုက်သော
သူများသည်  ပညာတတ်လာသူများမဟုတ်ပါ။
သညာတတ်များသာဖြစ်ပါသည်။
သညာတတ်များဖြင့်  နိုင်ငံကို  မည်သို့ဖွံ့ဖြိုးတိုးတက်အောင်
လုပ်ဆောင်၍ရမည်နည်း။


တည့်တည့်ပြောပါမည်။
မည်သို့မျှလုပ်ဆောင်၍မရနိုင်ပါ။


နိုင်ငံဖွံ့ဖြိုးတိုးတက်လိုလျင် ပညာရှင် ပညာတတ်များ
ဧကန်မုချ မွေးထုတ်ရပေမည်။ မွေးထုတ်လိုလျင်
ယ္ခုခေတ်  ပညာရေးစနစ်ဖြင့် မအောင်မြင်နိုင်ပါ။
မူလည်းပြင်ရပါမည်။လူလည်းပြင်ရပါမည်။
မူပြင်လျင်လည်း အဆင့်မြင့်ပညာတွင်သာ
ပြင်၍မရ။အခြေခံတွင်လည်း  ပြင်ကိုပြင်ရပါမည်။
လူပြင်ရန်မှာလည်း  အခြေခံပညာမူလတန်း
ဆရာဆရာမများမှစတင်၍  မလွဲမသွေ
ပြုပြင်ရပါမည်။ ပညာတတ်များပေါ်ထွက်မလာပဲ
သညာတတ်များသာ  ပေါ်ထွက်လာရသည့်
အဓိကလက်သည်မှာ  သူငယ်တန်းမှနဝမတန်းထိ
ပညာသင်ကြားပေးနေကြသော  ဆရာဆရာမများပင်
ဖြစ်ပါသည်။နိုင်ငံတော်မှ အခြေခံကျောင်းများကို
အတန်းတင်စာမေးပွဲတွင်  မအောင်မနေရစနစ်
ချမှတ်ပေးပါသည်။ထိုအခါ ဆရာဆရာမများသည်
စာမေးပွဲတွင်  မေးမည့်မေးခွန်းကို  စာမေးပွဲဖြေဆိုရန်
နီးကပ်လာလျင် ကွက်တိ  ဤူသည်မရွေ့သင်ကြားပြသ
ပါတော့သည်။ထို့ကြောင့်သူငယ်တန်းမှနဝမတန်းထိကျောင်းသူကျောင်းသားများသည်နေ့စဉ်စာမှန်မှန်မကျက်တော့ပဲ
စာမေးပွဲနီးလျင် ဆရာဆရာမများကပေးမည့်
မေးခွန်းကိုသာလျင်  စောင့်မျှော်နေတော့သည်။ပေးလာသောအခါ နားလည်ခြင်းမလည်ခြင်းက
အဓိကမကျ။မေးခွန်းနှင့်ကွက်တိပေးလာသော
စာများကို ကျက်တူရွေးစာအံသကဲ့သို့
မျက်စိမှိတ်ကာ အာဂုံဆောင် အလွတ်ကျက်မှတ်ပါသည်။

မဖြေနိုင်လည်း အောင်ပါသည်။ဖြေနိုင်လည်း
အောင်ပါသည်။မအောင်မရှိ  ငါ့တပည့်  ဟုပင်ပြောဆိုသမှု
ပြုကြပါသည်။သူငယ်တန်းမှနဝမတန်းအထိ
စာမေးပွဲနီးလျင်  ဆရာဆရာမများမှချပေးမည့်
မေးခွန်းကိုစောင့်၍  စာကျက်ဖြေဆိုလာကြသော
အကျင့်များကြောင့်  ဒသမတန်း အရောက်တွင်
တဘုန်းဘုန်း  စာမေးပွဲကျပါတော့သည်။ဇွဲ  လုံ့လ
ဝီရိယ  ကောင်းသော ကလေးများသာ
ဒသမတန်းတည်းဟူသော
အခက်ခဲဆုံးတံတိုင်းကြီးကို  ဖြတ်ကျော်နိုင်ပါတော့သည်။
ထိုသို့ဒသမတန်းအောင်မြင်လာသော
ကျောင်းသူကျောင်းသားများသည်
စာသင်ချိန်စာထဲစိတ်မဝင်စား။
စာမေးပဲနီးမှ ထွက်လာမည့်မေးခွန်းကို
မျှော်ကိုးသောအကျင့်များသည် တက္ကသိုလ်ထိ
ယူဆောင်လာကြပါသည်။

ထိုအကျင့်ပါလာသော  ကျောင်းသူကျောင်းသားများသည်
၎င်းအကျင့်အတိုင်းပင်ဆက်လက်သွားကြပါသည်။
ဤသို့သောကျောင်းသူကျောင်းသားများဖြင့်
နိုင်ငံတော်ကိုဦးဆောင်မည့်  ပညာတတ်များ
မည်သို့မည်ပုံ  မွေးထုတ်ကြမည်နည်း။
ရင်လေးစရာ အလွန်ပင်ကောင်းလှပါတော့သည်။







Monday, December 8, 2014

မရောင်ရာဆီလူးနေတော့မှာလား



သတ္တလောက၌  လုပ်ငန်းတစ်ခု  လုပ်ကိုင်တော့မည်ဆိုလျင်  မိမိလုပ်ကိုင်မည့်
လုပ်ငန်းနယ်ပယ်တွင်  ကျွမ်းကျင်ပိုင်နိုင်မှုရှိပါမှ
မိမိ၏လုပငန်းသည်  ဧကန်မုချ  အောင်မြင်လိမ့်မည်
ဖြစ်ပေသည်။

မြင်ရုံသိရုံမည်ကာမတ္တဖြင့်  ကျွမ်းကျင်ပိုင်နိုင်မှုမရှိပဲ
လုပ်ငန်းတစ်ခုကို  လုပ်ကိုင်မည်ဆိုလျင်မူ
ထိုလုပ်ငန်းမှာ  အောင်မြင်မှုလုံးဝရရှိမည်မဟုတ်ပဲ
အဆုံးစွန်  ပျက်စီးဆုံးရှုံးမှုနှင့်သာရင်ဆိုင်တွေ့ကြုံရမည်မှာ
ဧကန်မုချ  အမှန်တရားပင်  ဖြစ်ပေသည်။

လောက၌  လက်သမားဆရာသည်  သစ်သားများကို  အသုံးပြု၍  အဆောက်အအုံ
ဆောက်လုပ်သော  ပညာရှင်ဖြစ်ပေသည်။
ပန်းရံဆရာသည်ကား  အုတ်  ထုံး  သဲ  ကျောက်
ဘိလပ်မြေ  သံ  တို့ကို  အသုံးပြု၍  အဆောက်အအုံကို  
ဆောက်လုပ်သော  ပညာရှင်  ဖြစ်ပါသည်။

လက်သမားဆရာကို  ပန်းရံဆရာ၏  လုပ်ငန်းခွင်သို့ပို့ပြီး
အဆောက်အအုံ  ဆောက်ခိုင်းမည်။ပန်းရံဆရာကို  
လက်သမားဆရာ၏လုပ်ငန်းခွင်သို့ပို့ပြီး  
အဆောက်အအုံ  ဆောက်ခိုင်းမည်။

ဤသို့ဆိုလျင်  ထိုလက်သမားဆရာနှင့်  ပန်းရံဆရာတို့သည်  မိမိလုပ်ကိုင်နေသော
လုပ်ငန်းများကို  ပြီမြောက်အောင်
လုပ်ကိုင်နိုင်မည်မဟုတ်ပေ။အချိန်ကာလသည်သာ
တဖြည်းဖြည်းနှင့်  ရွေ့လျားကုန်ဆုံးသွားမည်သာ
ဖြစ်ပေသည်။

ထို့ကြောင့်  လူမှန်  နေရာမှန်  ဖြစ်ရန်
အလွန်  အရေးကြီးပေသည်။
လူမှန်နေရာမှန်မဖြစ်ပါက
အချိန်လည်းကုန်  လုပ်ငန်းခွင်မှာလည်း
ဆုံးရှုံးမှုများအလွန်  ကြီးမားလှပေသည်။

သို့ဖြစ်ပါ၍  လူမှန်  နေရာမှန်  ဖြစ်ရန်                    
အလွန် အလွန်  အထူးပင်  အရေးကြီးလှပေသည်။

ဤသို့သောအကြောင်းများကြောင့်
လက်သမားဆရာ
သစ်သားဖြင့်  အဆောက်အအုံဆောက်လုပ်ပါ။
ပန်းရံဆရာသည်
အုတ်  ထုံး  သဲ  ကျောက်  ဘိလပ်မြေ  သံတို့ဖြင့်
အဆောက်အအုံ  ဆောက်လုပ်ပါ။
လယ်သမားများ  လယ်ယာမြေမှာ
ကောက်ပဲသီးနှံ  ထွန်ယက်စိုက်ပျိုးပါ။
တံငါသည်များ  ငါးမွေး  ငါးဖမ်းလုပ်ကိုင်ပါ။
အလုပ်သမားများ  စက်ရုံအလုပ်ရုံတွင်
အလုပ်လုပ်ကိုင်ပါ။
စာရေးစာချီများ  သက်ဆိုင်ရာ  ရုံးများတွင်
ဝင်ရောက်လုပ်ကိုင်ပါ။
ပန်းဆယ်မျိုးပညာရှင်များ  မိမိသက်ဆိုင်ရာ
လုပ်ငန်များတွင်  ဝင်ရောက်လုပ်ကိုင်ပါ။
ဆရာဆရာမများ  တက္ကသိုလ်များ  ကျောင်းများတွင်
စီမံခန့်ခွဲလုပ်ကိုင်ပါ။
ဈေးသည်များ  ဈေးရောင်းပါ။
ကုန်သည်များ ကုန်သွယ်  ရောင်းဝယ်ဖေါက်ကားပါ။
ရဲများ  ပြည်သူအပေါင်း  ဘေးအန္တရာယ်မကျရောက်အောင်
ကာကွယ်ပေးပါ။
စစ်သားများ  ပြည်ပရန်စွယ်  အန္တရာယ်မှကာကွယ်ပါ။
လွတ်လပ်ရေးကိုကာကွယ်ပါ။


Fri-2:40hrs(12-5-2014)